စစ်ကောင်စီ၏ ပင်းပက်-မြင်းခြံ သံမဏိထုတ်လုပ်မှုအတွက် အကြီးစားကျောက်မီးသွေးတူးဖော်မှုကို ရှမ်းပြည်အလယ်ပိုင်းတွင်စတင်နေ

pinpet coal mining shan state

၂၀၂၂ခုနစ်အောက်တိုဘာလ လလယ်ပိုင်းမှစတင်ကာ ရှမ်းပြည်အလယ်ပိုင်း ကျေးသီးမြို့နယ်တွင် အကြီးစားကျောက်မီးသွေးတူးဖော်မှုကိုစတင်နေခဲ့ပြီးဖြစ်သည်။ ထိုကျောက်မီးသွေးများအား တောင်ကြီးမြို့အနီးရှိ ပင်းပက်သံနှင့်သံမဏိစက်ရုံတွင် လောင်စာအဖြစ်အသုံးပြုမည်ဖြစ်ပြီး မန္တလေးတိုင်းရှိ မြင်းခြံသံမဏိစက်ရုံအတွက် သံသတ္တုများထုတ်လုပ်ရန်အတွက်ဖြစ်သည်။ ဤထုတ်လုပ်မှု၏ အကျိုးဆက်အနေဖြင့် စစ်ကောင်စီ၏ကာလရှည်ကြာစွာချုပ်ကိုင်ထားသည့်အစီအစဥ်ဖြစ်သော ပြည်တွင်းသံမဏိထုတ်လုပ်မှုကို တိုးမြှင့်ရန်နှင့် စစ်ကောင်စီ၏ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများကို ပိုမိုခိုင်မာအားကောင်းလာစေရန် အကောင်အထည်ဖော်ပေးလိမ့်မည်။

 

ပင်းပက်၊မြင်းခြံသံနှင့်သံမဏိစက်ရုံတို့ကို ယခင်နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ(စစ်အစိုးရ) လက်ထက်တွင် စတင်အကောင်အထည်ဖော် တည်ဆောက်ခဲ့သည်။ မည်သည့်အခါမှတည်ဆောက်ပြီးစီးခဲ့ခြင်းမရှိပဲ ၂၀၁၇ ခုနစ်တွင် NLD အစိုးရမှ ငွေကြေးပြသနာများကြောင့် ဆိုင်းငံ့ခဲ့သည်။၂၀၂၁ ဖေဖော်၀ါရီလ စစ်အာဏာသိမ်းမှုအပြီးတွင် စစ်ကောင်စီအစိုးရမှ ရရှားနှင့် အီတလီ ကုမ္ပဏီများ၏အကူအညီဖြင့် အဆိုပါစီမံကိန်းများကိုပြန်လည်စတင်ခဲ့ခြင်းဖြစ်သည်။

ပင်းပက်သံမဏိစက်ရုံသည် ရှရှားအစိုးရပိုင် Tyazhpromexport ကုမ္ပဏီနှင့်ဖက်စပ်လုပ်ငန်းဖြစ်ပြီး ၄င်းသည် အရည်အသွေးနိမ့်သော သံရိုင်းများကို တစ်ဆင့်တည်းဖြင့်အရည်ကျိုနိုင်သည့် ရှရှားနည်းပညာ romelt ကိုအသုံးပြုရန် ဒီဇိုင်းထုတ်ထားသည်။အဆိုပါလုပ်ဆောင်မှုအတွက်လိုအပ်သော သီးခြားအဆင့်ရှိသည့် ကျောက်မီးသွေးကို ကျေးသီးဒေသမှသာရရှိနိုင်သည်။

 

စိုက်ပျိုးမြေဧကပေါင်းများစွာကိုဖျက်ဆီးမည့်အပြင် ဒေသခံရွာသား ၁၈၀၀၀ကျော်မှ စိုက်ပျိုးမြေနှင့် အိမ်သုံးရန်အတွက် မှီခိုနေရသည့် နမ့်ဟင်ချောင်းကို ညစ်ညမ်းစေမည့် ကျေးသီးကျောက်မီးသွေးတူးဖော်မှုအစီအစဥ်ကို ဒေသခံလူထုမှ ဆန့်ကျင်ကန့်ကွက်ခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။

 

ကျောက်မီးသွေးများသည် ရှမ်းပြည်အလယ်ပိုင်း ကျေးသီး မှပင်းပက်သို့ လဲချား၊ဟိုပုံး၊လွိုင်လင်မြို့များမှတစ်ဆင့် ကုန်တင်ကားကြီးများဖြင့်စတင်ပို့ဆောင်နေပြီဖြစ်သည်။၄င်းတို့သည် အဆိုပါလမ်းပိုင်းမှ တစ်နေ့လျှင်ကျောက်မီးသွေး ၁၅၀၀တန်သယ်ပို့ရန်စီစဥ်ထားသည်။

 

ကျေးသီးဒေသတွင်ကျောက်မီးသွေးတူး‌ဖော်နေကြသော ကုမ္ပဏီသုံးခုသည်ဖြစ်သည့် ငွေရည်ပုလဲမင်းရွှေလွှာနှင့် နမ့်ပန်ဖွံ့ဖြိုးရေးနှင့်ရင်းနှီးမြုပ်နှံမှုကုမ္ပဏီ တို့သည် စစ်ကောင်စီနှင့်၄င်းတို့၏ပြည်သူ့စစ်များနှင့် အလွန်နီးစပ်မှုရှိနေသည်။ ငွေရည်ပုလဲနှင့် မင်းရွှေလွှာ ကုမ္ပဏီတို့သည် ရှမ်းပြည်နယ်အတွင်းရှိ အခြားဒေသများတွင် ညစ်ညမ်းမှုများဖြစ်ပေါ်စေသာကျောက်မီးသွေးတူးဖော်မှုများကြောင့် နာမည်ပျက်များရှိထားသည့်ကုမ္ပဏီများဖြစ်သည်။

 

ကျောက်မီးသွေးသယ်ဆောင်သည့်ကားများသည် ရှမ်းပြည်အလယ်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်များထိန်းချုပ်ထားသည့်ဒေသများတွင် အတားအဆီးမရှိဖြတ်သန်းသွားနေပြီး ၄င်းတို့မှာ စစ်ကောင်စီနှင့်တစ်စုံတစ်ရာ စေ့စပ်ညှိနှိုင်းမှုများရှိနေကြောင်း ညွှန်ပြနေသည်။  ယင်းအဖွဲ့များသည် ၎င်းတို့ရန်သူများ၏ လက်နက်လုပ်ငန်းများကို မီးလောင်ရာလေပင့်ရန် အဘယ်ကြောင့် ကူညီနေကြသနည်းဟူသော မေးခွန်းများ ထွက်ပေါ်လာသည်။  

 

ကျွန်ုပ်တို့ကွန်ယက်မှသုံးစွဲသူများအား ကျေးသီးဒေသအတွင်းတွင် သတ္တုတူးဖော်နေသောကုမ္ပဏီများ၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို သပိတ်မှောက်ရန် ၎င်းတို့၏လုပ်ငန်းများကို ရပ်တန့်သည်အထိ လုပ်ဆောင်ရန် တိုက်တွန်းပါသည်။။ ရုရှားနိုင်ငံမှ Tyazhpromexport နှင့် အီတလီနိုင်ငံမှ Danieli တို့ကိုလည်း စစ်အုပ်စု နှင့် ပူးပေါင်းဆောင်ရွက်ခြင်းအား ချက်ခြင်းရပ်တန့်ပြီး မြန်မာနိုင်ငံမှထွက်ခွာရန်လည်း တိုက်တွန်းပါသည်။

ပင်းပက်သံမဏိစက်ရုံပြန်လည်လည်ပတ်လာခြင်း

ပင်းပက်သံမဏိစက်ရုံသည် တောင်ကြီးမြို့၏ အရှေ့တောင်ဘက် ၁၀ ကီလိုမီတာခန့်အကွာ ပင်းပက်တောင်ရှိ မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး သံသတ္တုသိုက်အနီး၌ တည်ရှိသည်။ ၎င်းကို ရုရှားအစိုးရပိုင် Tyazhpromexport နှင့် မြန်မာစစ်တပ်၏ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့အကြား ပူးတွဲပရောဂျက်အဖြစ် ၂၀၀၄ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၀၆ ခုနှစ်တွင်လုပ်ငန်း စတင်ခဲ့သည်။

 

၂၀၀၉ ခုနှစ်တွင်ထုတ်ပြန်သည့် ပအိုဝ်းလူငယ်အစည်းအရုံး (PYO) ၏အစီရင်ခံစာတွင် သံမဏိစက်ရုံ နှင့်အနီးရှိ ကမ္ဘောဇဘိလပ်မြေစက်ရုံ တည်ဆောက်ရာတွင် မြေဧက ၁၁၀၀၀ ကို လျော်ကြေးအနည်းငယ် သို့မဟုတ် လုံးဝမပေးဘဲ သိမ်းယူခြင်း၊လူ ၅၀ ကို အတင်းအဓမ္မ ရွှေ့ပြောင်းခိုင်းခြင်းများ လုပ်ဆောင်ခဲ့မှုကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် အကျိုးသက်ရောက်မှုများ ကို ဖော်ပြခဲ့သည်.။ အကြီးစား သတ္တုတူးဖော်ရေးနှင့် သံမဏိလုပ်ငန်းများကြောင့် တောင်ခြေတွင် နေထိုင်သူ ၇၀၀၀ ၏ ကျန်းမာရေးနှင့် မွေးမြူရေး အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ နှင့် စက်ရုံအရှေ့ဘက် ဟိုပုံး ချိုင့်ဝှမ်းရှိ နမ့်တဘက်ချောင်းတလျှောက်တွင် နေထိုင်သူ ၃၅၀၀၀ တို့အတွက် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနှင့် လေထုညစ်ညမ်းမှုများကိုဖြစ်ပေါ်စေနိုင်သည်ဟု PYO မှသတိပေးချက်ထုတ်ပြန်ထားသည်။

 

ပင်းပက်စက်ရုံ၏ ပထမအဆင့်ကို ၂၀၁၅ ခုနှစ်တွင် ပြီးစီးခဲ့သော်လည်း ငွေကြေးဆုံးရှုံးမှုများကြောင့် ၂၀၁၇ ခုနှစ် မတ်လတွင် NLD အစိုးရမှ ပင်းပက်သံမဏိစက်ရုံလည်ပတ်မှုအားဆိုင်းငံ့ခဲ့ရာ ပင်းပက်မှ ထုတ်လုပ်သော သံကြမ်းများကို ပေးပို့ရသော မြင်းခြံစတီးစက်ရုံလည်း လုပ်ငန်းများ ရပ်ဆိုင်းခဲ့ရသည်။

 

2021 ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီးကတည်း စစ်အစိုးရသည် ရုရှားနိုင်ငံမှ Tyazhpromexport ကုမ္ပဏီ နှင့် အီတလီကုမ္ပဏီ Danieli တို့ ပူးပေါင်း၍ ပင်းပက် နှင့် မြင်းခြံစီမံကိန်းနှစ်ခုလုံးကို ပြန်လည်အသက်သွင်းခဲ့သည်။

 

2021 ခုနှစ် အောက်တိုဘာလ 1 ရက်နေ့တွင် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်သည် စက်မှုဝန်ကြီးဌာနလက်အောက်ရှိ အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်) စက်ရုံသို့ သွားရောက်လည်ပတ်ခဲ့သည်။ နိုင်ငံပိုင်မီဒီယာမှ စီမံကိန်းမှာ 98.86% ပြီးစီးနေပြီဖြစ်သော်လည်း စီမံကိန်းပြန်လည်စတင်နိုင်စေရန် မီးရထားလမ်းနှင့် တည်ငြိမ်သော ဓာတ်အားပေးလိုအပ်ချက်ကို 2023-2024 ဘဏ္ဍာနှစ်တွင် ဆက်လက်ဖော်ဆောင်သွားရန်ရှိကြောင်း ဖော်ပြခဲ့သည်။

 

၂၀၂၂ ခုနှစ် ဧပြီလတွင် မကွေးမြို့ရှိလက်ရှိ သွယ်တန်းထားသော ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းကို ပင်းပက် ‌နှင့်ဆက်သွယ်ကာ  အဆင့်မြှင့်တင်ခြင်းနှင့်ပြုပြင်ခြင်း စတင်ခဲ့ပါသည်။ ၁၈၅ မိုင် မကွေး-ပျော်ဘွယ်-ပျဉ်းမ- ပြည်ညောင် ပိုက်လိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ၇၇ ဒသမ ၅ ရာခိုင်နှုန်း ပြီးစီးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ဖော်ပြခဲ့သည်။

 

၂၀၂၂ ခုနှစ် ဇွန်လတွင် လက်ရှိညောင်ရွှေ-နမ့်ဆန် မီးရထားလမ်းမှ ခြောက်မိုင်ရှည်လျားသည့် ရထားလမ်းသစ်ကို စတင်ဖောက်လုပ်ခဲ့ပြီး သံစက်ရုံကို မီးရထားလမ်းသွယ်နှင့် ချိတ်ဆက်ကာ ပင်းပက်မှထွက်ရှိသော သံစိမ်းကို မြင်းခြံသံမဏိစက်ရုံသို့ တိုက်ရိုက်ပေးပို့နိုင်သည်။

 

မီးရထားလမ်းသစ်အတွက် မြေ ၂၈၇ ဧက သိမ်းဆည်းခံခဲ့ရပြီး လယ်သမားများသည် လျော်ကြေးငွေ တစ်ဧကလျှင် ကျပ် ၅ သိန်းနှင့် လယ်ယာမြေပေါ်တွင် စိုက်ပျိုးထားသည့် သုံးနှစ်အတွင်း သီးနှံရောင်းရငွေတန်ဖိုးကို အတင်းအကြပ် လက်ခံခဲ့ရသည်။

 

ပင်းပက်စက်ရုံသည် ကျိုင်းတောင်းရေအားလျှပ်စစ်စက်ရုံနှင့် အထက်ကျိုင်းတောင်း ရေကာတာစီမံကိန်းတို့ပြီးစီးလျှင် အဆိုပါနေရာများမှလျှပ်စစ်ဓာတ်အားကိုလဲရယူသုံးစွဲမည်ဖြစ်သည်။

ပင်းပက်စက်ရုံ ပြန်လည်လည်ပတ်ခြင်းသည် ထုင့်ပုန်းဒေသရှိ ထောင်ပေါင်းများစွာသော ရေနက်စပါးစိုက်ပျိုးသူ တောင်သူများ၏ အသက်မွေးဝမ်းကြောင်းကို ခြိမ်းခြောက်လျက်ရှိနေ

ပင်းပက်မြို့တောင်ပိုင်းရှိ နမ့်သဘက်ချောင်း (ရှမ်းတွင် တမ်ပက်ချောင်းဟု ခေါ်သည်) တွင် ထူးခြားသော နှစ်စဉ်ရေကြီးရေလျှံမှုပုံစံရှိသည်။ . မိုးရာသီတွင် ကမ်းပါးများ ရေလျှံကာ ၁၅ (Km) ကီလိုမီတာကျော်အထိရှည်လျားပြီး ၈ ကီလိုမီတာအထိကျယ်ပြန့်သော ရေအိုင်ကြီး ဖြစ်ပေါ်လာသည်။ အဆိုပါ ရေလွမ်းလွင်ပြင်ရှိ ရွာပေါင်း ၃၀ ကျော်တွင် လူ ၁၀၀၀၀ ၀န်းကျင် နေထိုင်ကြပြီး ၄င်းဒေသကိုရှမ်းဘာသာဖြင့် ထုင့်ပုန်းဟုခေါ်ကာ ရေနက်စပါး စိုက်ပျိုးခြင်းနှင့် ငါးဖမ်းလုပ်ငန်းများကိုအဓိကလုပ်ကိုင်ကြသည်။


လွန်ခဲ့သည့် ဆယ်နှစ်တာကာလအတွင်း ပင်းပက်စက်ရုံတည်ဆောက်မှု အနီးရှိ ရှမ်းရိုးမဘိလပ်မြေစက်ရုံနှင့် ငွေကမ္ဘာကျော် (ကုမ္ပဏီအမည်ပျက်စာရင်းဝင်) ခနောက်စိမ်း စက်ရုံတို့အပြင် ပတ္တမြားနဂါးသတ္တုတူးဖော်ရေးကုမ္ပဏီ တို့၏ခနောက်စိမ်းတူးဖော်မှု တိုးချဲ့လုပ်ကိုင်ခြင်းကြောင့်၊ ထုင့်ပုန်းဒေသခံများသည် သဘက်ချောင်းတွင် သောက်သုံးရေ နှင့် သုံးရေ အရည်အသွေး ယိုယွင်းလာမှုကို တွေ့ကြုံနေရသည်။ ချောင်းရေများ ညစ်ညမ်းလာခြင်း အရေပြား ယားယံခြင်း ငါးကောင်ရေလျော့နည်းလာခြင်းများဖြစ်လာကာ ရေနက်စပါးအထွက်နှုန်း ကျဆင်းလာသည်။


ပင်းပက် စက်ရုံ စွမ်းဆောင်ရည်အပြည့်ဖြင့် ပြန်လည်စတင်သည်နှင့် တပြိုင်နက် သဘက်စမ်းချောင်းထဲသို့ စွန့်ပစ်ရေပမာဏ သိသိသာသာ တိုးလာမည်ပြီး ထုင့်ပုန်း ရွာသူရွာသားများသည် စမ်းချောင်း၏ ဂေဟစနစ်ကို ပိုမိုထိခိုက်စေကာ ၎င်းတို့၏ ကျန်းမာရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ခြိမ်းခြောက်လာမည်ကိုစိုးရိမ်လျက်ရှိပါသည်။

ကျေးသီးမြို့နယ်တွင် ကျောက်မီးသွေးတူးဖော်ရန် မြေယာများကို မြန်မာစစ်တပ်မှ သိမ်းယူ

ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်၏ မှတ်တမ်းများအရ ကျေးသီးမြို့နယ်တွင် ကျောက်မီးသွေးတူးဖော်ရန် စီစဥ်မှုများသည် နအဖ စစ်အစိုးရလက်ထက်ကပင် စတင်ခဲ့သည်ကိုတွေ့ရသည်။

 

၂၀၀၉ ခုနှစ်တွင် ကျေးသီးမြို့အခြေစိုက် မြန်မာစစ်တပ် ခမရ ၁၃၁ သည် ကျေးသီးမြို့တောင်ဘက် ၈ကီလိုမီတာအကွာ မိုင်းကောင်ကျေးရွာအုပ်စုတွင် မြေ ၅၄၅၉ ဧကအတွက် ကျောက်မီးသွေးတူးဖော်ခွင့်ကို ခွင့်ပြုပေးခဲ့သည်။ ဒေသခံတောင်သူများသည် လယ်မြေများအတွက် လျော်ကြေးအဖြစ် တစ်ဧကလျှင် ကျပ် ၂၄,၀၀၀ ကို အတင်းအဓမ္မ လက်ခံခဲ့ရသည်။

 

၂၀၁၅ ခုနှစ်တွင် မြန်မာစစ်တပ်၏ အများနှင့်သက်ဆိုင်သောကုမ္ပဏီဖြစ်သည် မြန်မာ့စီးပွားရေးဦးပိုင် ၏ Union of Myanmar Economic Holdings Limited (UMEHL) မှ မိုင်းကောင်တွင် ကုမ္ပဏီငါးခုအား ကျပ်သန်း ၁၀၀ စီဖြင့် UMEHL အတွက် အမြတ် ၁၇ ရာခိုင်နှုန်း နှင့် ကျောက်မီးသွေးတူးဖော်ခွင့်လိုင်စင်များကို ရရှိစေခဲ့သည်။ထိုနှစ်၌ပင် မိုင်းကောင်တွင် စစ်တပ်အခြေစိုက်စခန်းသစ်နှစ်ခုကိုတည်ဆောက်ခဲ့သည်။

 

၂၀၁၈ ခုနှစ်တွင် ကျေးသီး မြို့နယ်အာဏာပိုင်များမှ မိုင်းကောင် မှဒေသခံများအား မြေ၅၄၅၉ ဧကအား စက်မှုဝန်ကြီးဌာနလက်အောက်ရှိ ပင်းပက် သံမဏိစက်ရုံသို့ လွှဲပြောင်းပေးထားကြောင်း အသိပေးခဲ့သည်။ဒေသခံများမှ အာဏာပိုင်များကိုအဆိုပါကိစ္စနှင့်ပတ်သက်၍ ကန့်ကွက်ကြောင်းစာရေးသားပေးပို့ခဲ့သည်။

 

2022 ခုနှစ် အောက်တိုဘာလလယ်တွင် မိုင်းကောင်ဒေသ၌ကျောက်မီးသွေးတူးဖော်မှုများ စတင်ခဲ့သည်။ ငွေရည်ပုလဲမင်းရွှေလွှာ နှင့် နမ့်ပန်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီသုံးခုတို့က တူးဖော်ခြင်းဖြစ်သည်။ 2022 ခုနှစ် အောက်တိုဘာလ 27 ရက်နေ့တွင် 22 ဘီးကုန်တင်ယာဉ်တန်း ဆယ့်ငါးစီးယာဉ်သည် မိုင်းကောင်မှ ကျောက်မီးသွေးအား ပထမဆုံးအနေဖြင့် မိုင်းနောင်မြို့မှတဆင့် ပင်းပက်သို့ စတင်ပို့ဆောင်ခဲ့သည်။

 

ငွေရည်ပုလဲနှင့် နမ့်ပန်ကုမ္ပဏီတို့သည် ကျေးသီးမြို့ အရှေ့မြောက်ဘက် ကီလိုမီတာ ၂၀ အကွာ ဝမ်ဝပ်ကျေးရွာအုပ်စုတွင်လည်း ကျောက်မီးသွေးတူးဖော်မှုစတင်ရန် ပြင်ဆင်နေပါသည်။ ဤကျောက်မီးသွေးများကိုလည်း ပင်းပက်မြို့သို့ ပို့ဆောင်မည်ဖြစ်သည်။ စစ်ကောင်စီအာဏာပိုင်များက လယ်သမားများအား မြေတစ်ဧကအတွက် ကျပ် ၅,၀၀၀၀၀ ကိုအတင်းအကြပ်ဖိအားပေးလက်ခံစေခဲ့သည်။

ကျေးသီးကျောက်မီးသွေး တူးဖော်မှု၏ဆိုးကျိုးများ

လယ်မြေ၊ စားကျက်နှင့် ရပ်ရွာသစ်တောများကို ဖျက်ဆီးရုံသာမက ကျေးသီး မြို့နယ်ရှိ ကျေးရွာပေါင်း ၅၀ ကျော်၏ လယ်မြေများကို ရေသွင်းပေးသည့် နမ့်ဟင်ချောင်းကိုလည်း ပိတ်ဆို့ ကာညစ်ညမ်းစေမည့် ကျောက်မီးသွေးတူးဖော်မှုများကို ဒေသခံရွာသားများက ပြင်းပြင်းထန်ထန် ကန့်ကွက်နေကြသည်။ နမ့်ဟင်ချောင်းသည် သံလွင်မြစ်၏အကြီးဆုံး မြစ်လက်တက်ဖြစ်သည့် နမ့်ပန်မြစ်အတွင်းသို့ စီးဝင်သည်။

 

ယခုဆိုလျှင် မိုင်းကောင် ကျောက်မီးသွေးတွင်းမှ စွန့်ပစ်မြေစာများကို နောင်ခါးကန် ဧရိယာတွင် စွန့်ပစ်နေပြီး နောင်ခါးကန် ဧရိယာသည် စားကျက်မြေနှင့် ဒေသတွင်း လယ်ယာမြေများအတွက် ရေပေးသည့်ကန် လည်း ဖြစ်သည်။ရွာသားများမှ ကုမ္ပဏီများကို ထိုနေရာတွင် မြေစာများမစွန့်ပစ်ရန် တောင်းဆိုခဲ့သော်လည်း ၄င်းတို့၏အသံများမှာ လျစ်လျူရှူခံခဲ့ရသည်။

ကျောက်မီးသွေးသယ်ယူပို့ဆောင်ရာလမ်းကြောင်းကိုထိန်းချုပ်ရန်အားပြိုင်မှုများ

ကျေးသီးကျောက်မီးသွေးတွင်းနှင့် ပင်းပက်သံမဏိစက်ရုံကြား ကီလိုမီတာ ၂၀၀ ရှည်လျားသော ကျောက်မီးသွေး သယ်ဆောင်ရာလမ်းတစ်လျောက်ရှိမြို့များတွင် စစ်ကောင်စီအခြေစိုက်စခန်းများရှိသော်လည်း ကျေးလက်ဒေသများတွင်မူ စစ်ကောင်စီပြည်သူ့စစ်များနှင့် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်များမှထိန်းချုပ်ထားသည်။

 

လမ်းတလျောက်မှ လက်နက်ကိုင်အဖွဲ့များမှာအောက်ပါအတိုင်းဖြစ်သည်။

လမ်းတလျောက်မှ လက်နက်ကိုင်အဖွဲ့များမှာ အောက်ပါအတိုင်းဖြစ်သည်။

စစ်ကောင်စီနှင့်ပတ်သက်နေသောပြည်သူ့စစ်များ

ပအို၀့်အမျိုးသားအဖွဲ့ချုပ်(PNO/PNA)

– ယခင်အပစ်ရပ်ထားသည့်အဖွဲ့

 

၀မ်ပန်ပြည်သူ့စစ်

-RCSS မှခွဲထွက်အဖွဲ့

 

ရှမ်းပြည်တောင်ပိုင်းပြည်သူ့စစ် (SSS)

– MTAအရာရှိဟောင်း မဟာဂျာမှတည်ထောင်ထား

အပစ်အခတ်ရပ်စဲ ထားသည့်အဖွဲ့များ

ရှမ်းပြည်တိုးတက်ရေးပါတီ၊ရှမ်းပြည်တပ်မတော် (SSPP/SSA)

– ၁၉၈၉ ခုနစ်တွင်ပထမအပစ်ရပ်ခဲ့၊ ၂၀၁၂ ခုနစ်တွင် အပစ်အခပ်ရပ်စဲမှုထပ်မံပြုလုပ်ခဲ့

 

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA)

-၂၀၁၂ ခုနစ်တွင် အပစ်အခတ်ရပ်စဲခဲ့

 

၀သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)

– ၁၉၈၉ ခုနစ်ကတည်းကအပစ်အခတ်ရပ်စဲခဲ့