လွန်ခဲ့သောလပိုင်းက ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA တပ်ဖွဲ့မှ တန့်ယန်းမြို့ မြောက်ဘက်ခြမ်းကို သိမ်းယူကြောင့် တရုတ်၏ရေရှည်စီမံကိန်းဖြစ်သည့် သံလွင်မြစ်ပေါ်မှ နောင်ဖာရေကာတာစီမံကိန်းမှာ မကြာခင်တွင်အမှန်တကယ်ဖြစ်လာမည့်ဟူသော ဒေသခံများ၏ စိုးရိမ်စိတ်ကို တိုးမြင့်လာစေနေသည်။
UWSA တပ်ဖွဲ့သည် ၂၀၂၄ ခုနစ် ဇူလိုင်လ ၁၀ ရက်နေ့တွင် ၄င်းတို့တပ်သားဦးရေ ၂၀၀၀ ကျော်ဖြင့် သံလွင်မြစ်အရှေ့ခြမ်းမှ ထရပ်ကားကြီးများဖြင့် ရောက်လာ တန့်ယန်းမြို့အနီးတ၀ိုက်နှင့် တန့်ယန်း-မိုင်းရယ် လမ်းမကြီးတစ်လျောက်နေရာယူစဥ်ကာလတွင်မှ လူထုမှ၄င်းတို့၏တန့်ယန်းမြို့ကို နယ်မြေချဲ့ထွင်လာခြင်းကိုသိရှိခဲ့ခြင်းဖြစ်သည်။သို့သော်လူထု၏အမြင်နှင့်အ၀ေးတွင် UWSA တပ်ဖွဲ့သည် စစ်ကောင်စီလက်အောက်ခံ မန်ပန်ပြည်သူ့စစ်ကိုလွန်ခဲ့သော ၅ လကတည်းက ဖယ်ရှားကာ တန့်ယန်းမြို့မြောက်ဘက်ခြမ်းကိုထိန်းချုပ်ခဲ့ပြီးဖြစ်သည်။
တန့်ယန်းမြို့မြောက်ဘက်သို့ အင်အားတိုးချဲ့လာသော UWSA တပ်ဖွဲ့သည် ၀ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသမှသံလွင်မြစ်ထဲသို့စီး၀င်သည့်မြစ်လက်တက်ဖြစ်သည့် နမ့်မမြစ်ပေါ်တွင် တည်ဆောက် နေသော ၂၂၅ မဂ္ဂ၀ပ်ရှိ မန်တုံရေကာတာစီမံကိန်းနှင့်မျက်နှာခြင်းဆိုင် သံလွင်မြစ်အနောက်ဘက်ကမ်းကိုထိန်းချုပ်နေရာယူထားသည်။
မန်တုံရေကာတာစီမံကိန်းသည် တရုတ်အစိုးရပိုင် Hydrochina ကော်ပိုရေးရှင်းနှင့် မြန်မာစစ်တပ်မှ ခရိုနီများပိုင်ဆိုင်သည့် IGE ကုမ္ပဏီတို့မှ ဖက်စပ်လုပ်ဆောင်သည့် သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ၁၂၀၀ မဂ္ဂ၀ပ်ရှိသည့် နောင်ဖာရေကာတာစီမံကိန်း တည်ဆောက်မှုသဘောတူညီ မှုတွင်တစ်ခုအပါအ၀က်ဖြစ်သည်။အဆိုပါရေကာတာစီမံကိန်းနှစ်ခုလုံးသည် BOT စနစ်ဖြင့် တည်ဆောက်ရန်စီစဥ်ထားသော စီမံကိန်းများဖြစ်ပြီး ထွက်ရှိလာမည့်စွမ်းအင်၏ အနည်းဆုံး၅၀ % ကိုတရုတ် နိုင်ငံသို့တင်ပို့ရန်လျာထားသည်။
အဆိုပါရေကာတာနှစ်ခုလုံးနှင့်ပတ်သက်သော နားလည်မှုစာချွန်လွှာကို ၂၀၀၉ ခုနစ်ဒီဇင်ဘာလတွင် တရုတ်ဒုသမ္မတ ရှီကျင်းဖျင့် နေပြည်တော်သို့လာရောက်စဥ်က လက်မှတ်ရေးထိုးခဲ့ပြီး သဘောတူ ညီမှုစာချုပ်ကို ၂၀၁၄ ခုနစ်မေလ သိန်းစိန်အစိုးရလက်ထက်တွင် လက်မှတ်ရေးထိုးခဲ့သည်။ နောင်ဖာရေကာတာစီမံကိန်းရှေ့ဆက်လုပ်ဆောင်မှုကို ပြည်သူလူထုမှပြင်းပြင်းထန် ဆန့်ကျင်ခဲ့ကြ သော်လည်း UWSA တပ်ဖွဲ့သည် ၄င်းတို့ထိန်းချုပ်ရာဒေသတွင် မန်တုံရေကာတာစီမံကိန်းကို တိတ်တဆိတ်တည်ဆောက်ခွင့်ပြုနေသည်။လွန်ခဲ့သော ဂြိုလ်တုမြေပုံများ၏ ပြသချက်အရ နမ့်မ မြစ်ကမ်းနှစ်ဘက်လုံးတွင်ရေကာတာဖောင်ဒေးရှင်းတည်ဆောက်ရန်စီစဥ်နေမှုများကိုတွေ့ရသည်။
အဆိုပါရေကာတာနှစ်ခုလုံးအတွက် လူမှုသဘာ၀ပတ်၀န်းကျင်စစ်တမ်း(ESIAs) ကိုသြစတေးလျ အခြေစိုက် Snowy Mountains Engineering Corporation – SMEC (စင်္ကာပူအစိုးရ ပိုင် Surbana Jurong Group မှ ၂၀၁၆ တွင်ရယူခဲ့)မှထုတ်ပြန်ခဲ့သော်လည်း အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့၏ ၂၀၁၇ စစ်တမ်းအရ အဆိုပါESIAs အစီရင်ခံချက်များကို တစ်ကြိမ်တစ်ခါမှ မြန်မာ သယံဇာတနှင့်သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရေး၀န်ကြီးဌာနသို့တင်သွင်းခဲ့ခြင်းမရှိပါ။SMEC Holdings သည်ယခုအချိန်အထိ အဆိုပါ စီမံကိန်းနှစ်ခုလုံး၏ တရား၀င်အဆက်အသွယ်အဖြစ်စာရင်းရှိနေဆဲဖြစ်သည်။
UWSA တပ်ဖွဲ့သည် တရုတ်နိုင်ငံ၏ အကျိုးစီးပွားကို လိုလိုလားလား ဖြည့်ဆည်းပေးလိုသောဆန္ဒဖြင့် မန်တုံရေကာတာစီမံကိန်းကိုခွင့်ပြုခဲ့ရာ အလားတူစွာ နောင်ဖာရေကာတာစီမံကိန်းကိုလဲအရှိန်မြင့် ဆောင်ရွက်ရန်ရှိနေနိုင်ပြီး လက်ရှိတွင်၄င်းတို့သည် သံလွင်စီမံကိန်းဆိုဒ်၏ ကမ်းနှစ်ဘက်လုံးကို ထိန်းချုပ်ထားသည်။
၂၀၂၄ သြဂုတ်လ ဒုတိယပတ်တွင် တရုတ်စီးပွားရေးလုပ်ငန်းရှင် ၁၂ ဦးသည် နောင်ဖာရေကာတာစီမံကိန်းနေရာသို့ သွားရောက်လည်ပတ်ခဲ့ကြသည်။၄င်းတို့ကို SUV ကားများဖြင့် သံလွင်အရှေ့ခြမ်းဘက်မှ တာကော်အက်တံတားကိုဖြတ်သန်းကာ တန့်ယန်း မြို့မြောက်ဘက်မှ ရေကာတာစီမံကိန်းသို့ UWSAတပ်ဖွဲ့မှခေါ်ဆောင် သွားခြင်းဖြစ်သည်။
နောင်ဖာရေကာသည် သံလွင်မြစ်ပေါ်တွင် တရုတ်ကုမ္ပဏီများမှတည်ဆောက်ရန် စီစဥ်ထားသည့်ရေကာတာများအနက် ရှမ်းပြည်အတွင်းမှ အကြီးဆုံးတစ်ခုဖြစ်သည်။အခြားနှစ်ခုမှာ မြောက်ပိုင်းရှိ ၁၄၀၀ မဂ္ဂ၀ပ်ရှိ ကွန်လုံရေကာတာနှင့် ရှမ်းပြည်တောင်ပိုင်းရှိ ၇၀၀၀ မဂ္ဂ၀ပ်ရှိ မန်တုံရေကာတာဖြစ်သည်။
နှစ်ပေါင်းများစွာကတည်းကပင် မြန်မာပြည်တွင်းရှိ သံလွင်မြစ်တစ်လျောက်မှ ဒေသခံလူမှုအသိုက်အ၀န်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊နိုင်ငံရေး ပါတီများနှင့် လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များသည် သံလွင်မြစ်၀ှမ်းတစ်လျောက်ရှိ သန်းပေါင်းများစွာသော သက်ရှိများအတွက် မတိုင်းတာနိုင်သော လူမှုသဘာ၀ပတ်၀န်းကျင် ထိခိုက်မှုများဖြစ်နိုင်သဖြင့် သံ လွင်မြစ်ပေါ်တွင်တည်ဆောက်မည့် ရေကာတာစီမံကိန်းများကိုဆန့်ကျင်ခဲ့ကြသည်။
နောင်ဖာရေကာတာနှင့်ပတ်သက်၍ တိကျသောစိုးရိမ်ချက်များတွင် ဆည်ရေလှောင်ကန်အတွင်းရှိ ရေအလေးချိန် ကြောင့် မြေငလျင်အန္တရာယ်ဖြစ်ပေါ်လာနိုင်ခြင်းလည်းပါ၀င်သည်။ရှမ်းပြည်အရှေ့မြောက်ပိုင်းသည်ငလျင်လှုပ်ခတ်မှု များပြားတတ်သောနေရာဖြစ်ပြီး ရေကာတာနေရာသည် များပြားသောပြတ်ရွေ့ကြောများအနီးတွင်တည်ရှိသည်။၂၀၀၄ ခုနစ်တွင် တရုတ်အစိုးရမှ တရုတ်ပြည်အတွင်းရှိ သံလွင် (နု)မြစ်ပေါ်တွင်တည်ဆောက်မည့် ရေကာတာစီမံကိန်း ၁၃ခုကို ဆိုင်းငံ့ခဲ့ရသည့် အဓိကအကြောင်းအရင်းမှာ မြေငလျင်အန္တရယ်များကြောင့်ဖြစ်ပြီး မြစ်ကြောင်းမှာ အဓိကပြတ်ရွေ့ကြောများနှင့်အပြိုင် စီးဆင်းနေခြင်းဖြစ်သည်။
အခြားစိုးရိမ်စရာတစ်ခုမှာ ရေကြီးရေလျှံမှုများကြောင့် ဆည်မှရေများရုတ်တရက် စွန့်ထုတ်ရန်လိုအပ်လာပြီး မြစ်အောက်ပိုင်းတွင် အန္တရာယ်ရှိသော ရေလွမ်းမိုးမှုများကိုဖြစ်ပေါ်စေနိုင်ခြင်းဖြစ်သည်။ယခုနှစ်အတွင်းရှမ်းပြည်၏ မကြုံစဖူးရေလွမ်းမိုးမှုများမှာ ၄င်းစိုးရိမ်မှုကိုမီးမောင်းထိုးပြနေသည်။
တရုတ်အနေဖြင့် သံလွင်ရေကာတာစီမံကိန်းများအပေါ် လူထု၏ ဆန့်ကျင်ကန့်ကွက်မှုများကိုဂရုပြုကာ မြန်မာပြည် အရှေ့ပိုင်း၏ အဓိကအသက်သွေးကြောပေါ်တွင် ဆည်ဆောက်ရန်စီစဥ်နေမှုများကို လျင်မြန်စွာပယ်ဖျက်သင့်ပါသည်။
စင်္ကာပူနိုင်ငံအနေဖြင့်လည်း Surbana Jurong’s ကုမ္ပဏီခွဲ SMEC ကို နောင်ဖာနှင့် မန်တုံရေကာတာစီမံကိန်းနှစ်ခုလုံးတွင်ပါ၀င်နေမှုအားအမြန်ရပ်တန့်သင့်သည်။
နောင်ဖာရေကာတာနှင့် မန်တုံရေကာတာစီမံကိန်း ဖြစ်စဥ်ပြဇယား
၂၀၀၉ ဒီဇင်ဘာ ၂၀
ဒုသမ္မတ ရှီကျင်းဖျင့် နေပြည်တော်သို့ လာရောက်စဥ် Hydrochina နှင့် အမှတ် ၁ လျှပ်စစ်စွမ်းအား၀န်ကြီးဌာန (MOEP)တို့အကြား နောင်ဖာနှင့် မန်တုံရေကာတာစီမံကိန်းအတွက် နားလည်မှု စာချွန်လွှာလက်မှတ်ထိုး
၂၀၁၄ မေ ၂၂
နောင်ဖာ နှင့် မန်တုံရေကာတာစီမံကိန်းအတွက် Hydrochina နှင့် မြန်မာMOEP တို့အကြား သဘောတူစာချုပ်ချုပ်ဆို
၂၀၁၄
ဂြိုလ်တုဓာတ်ပုံများအရ မန်တုံရေကာတာစီမံကိန်းတွင် တည်ဆောက်မှုများစတင်
၂၀၁၆ ဇွန်
SMEC မှ နောင်ဖာရေကာတာစီမံကိန်း ESIA အတွက် လူထုဆွေးနွေးပွဲများကို UWSA ထိန်းချုပ်ဧရိယာများနှင့် ဟိုပန်၊ကွမ်လုံ၊မိုင်းယော်မြို့တို့တွင် စတင်လုပ်ဆောင်၊ဒေသခံများမှ ရေကာတာစီမံကိန်းကိုလက်ခံသည်ဟု ရေကတာစီမံကိန်း website တွင်ဖော်ပြခဲ့
၂၀၁၆ သြဂုတ် ၅
တန့်ယန်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီမှလွှတ်တော်ကိုယ်စားလှယ်များအပါအ၀င် တန့်ယန်းမြို့နယ်ရှိကျေးရွာအုပ်စု ၉စုမှ ဒေသခံများက နောင်ဖာရေကာတာကို စုပေါင်းဆန္ဒပြ
၂၀၁၆ သြဂုတ် ၂၁
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)ပါတီမှလွတ်တော်ကိုယ်စားလှယ် သုံးဦးအပါအ၀င် ကွန်လုံ၊တန့်ယန်း၊လားရိူး၊ သိန္နီမြို့များမှ ဒေသခံခေါင်းဆောင် ၆၀ ဦးမှ နောင်ဖာရေကာတာကိုဆန္ဒပြ
၂၀၁၆ သြဂုတ် ၂၃
ရှမ်းလူမှုအဖွဲ့အစည်းများမှ နောင်ဖာရေကာတာနှင့်ပတ်သက်၍ စိုးရိမ်ပူပန် မှုနှင့် SMEC ၏ESIA နှင့်ပတ်သက်ကာ ဘန်ကောက်မြို့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်၊၄င်းနောက်တွင် နောင်ဖာရေကာတာစီမံကိန်းနှင့်ပတ်သက်သည့် website naopha.com ကို ဖြုတ်ချခဲ့
၂၀၂၁ -၂၀၂၄
နမ့်မားမြစ်၏ နှစ်ဘက်လုံးတွင် မန်တုံရေကာတာ၏ဖောင်ဒေးရှင်းတည်ဆောက်ရန် ဆက်လက်ပြင်ဆင်နေ